အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

အီ​ရန်​အမျိုးသမီး​များ၊ ၁​၉​၇​၉​က​စ​သော ဟီ​ဂျပ်​ခေါင်း​ဆောင်း မ​ဆောင်း​မ​နေ​ရ​ဥပဒေ​ကို ဆန့်ကျင်​ခြင်း

 

၁၉၇၉ခုနှစ်တွင် အာဏာရယူပြီးမကြာမီတွင်ပင် အစ္စလာမ်မစ်အစိုးရက အီရန်အမျိုးသမီးများကို ခေါင်းဆောင်း(ဟီဂျပ်) မဝတ်မနေရဝတ်စေရန် သတ်မှတ်ခဲ့သည်။ ဆယ်စုနှစ်သုံးခုကြာပြီးနောက်တွင် အီရန်ရဲများက နွေရာသီတိုင်းတွင် လူများဝတ်စားဆင်ယင်ပုံကို ဆက်လက်တင်းကျပ်ရန်အတွက် ခေါင်းဆောင်းနှိမ်နင်းမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

၂၀၁၂ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့တွင် မဝတ်မနေရဟီဂျပ်ဥပဒေကို ဆန့်ကျင်ရန်အတွက် “အီရန်လူမျိုး လစ်ဘရယ်ကျောင်းသားများနှင့် ဘွဲ့ရများ”က ဖေ့(စ်)ဘွတ်(ခ်)လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့သည်။

“လှစ်ဟနိုင်ဖို့ အမျိုးသမီးများအခွင့်အရေးကို လှစ်ဟခြင်း” စာမျက်နှာသည် လက်ရှိအချိန်ထိ ကြိုက်သူပေါင်း (၂၆၀၀၀) ရရှိထားပြီးဖြစ်သည်။ အမျိုးသမီးနှင့် အမျိုးသားရာကျော်တို့က ၄င်းတို့ ကိုယ်ပိုင်ဓာတ်ပုံများ၊ အတွေ့အကြုံများနှင့် မှတ်ျချက်များကို ဝေမျှခြင်းဖြင့် စာမျက်နှာ၏ အမှတ်အသားကို ထပ်မံဖြည့်စွက်ပေးခဲ့သည်။ အချို့က ခေါင်းဆောင်းဆောင်းရခြင်းကို နှစ်ခြိုက်ပြီး အချို့က မနှစ်သက်ကြပေ။ သို့ရာတွင် အားလုံးက ခေါင်းဆောင်းဝတ်၊မဝတ် ရွေးချယ်ခြင်းသည် ၄င်းတို့၏ အခွင့်အရေးသာ ဖြစ်သင့်သည်ဟု သဘောတူကြသည်။

ထိုဖေ့(စ်)ဘွတ်(ခ်)စာမျက်နှာတွင် ကျွန်တော်တို့ ဖတ်ရသည်မှာ

အစိုးရ၏ ခေါင်းဆောင်းအတင်းအကျပ်ဝတ်ဆင်စေခြင်းသည် အမျိုးသမီးတို့၏ အခြေခံအခွင့်အရေးကို ချို့ငဲ့စေသည်။ လမ်းထောင့်တိုင်း၊ လမ်းတိုင်းနှင့် လမ်းကြားတိုင်းတွင် အထူးရဲတပ်ဖွဲ့ဝင်များထားရှိခြင်းဖြင့် အစိုးရသည် အုပ်ချုပ်သူ၏ သဘောထားကျဉ်းမြောင်းသော သတ်မှတ်မှုများနှင့် စံနှုန်းများကို အမျိုးသမီးများအား လက်ခံကျင့်သုံးစေရာတွင် အာဏာကုန်သုံးခဲ့သည်၊ အမျိုးသမီးများအား ရှက်ကြောက်မှုကို ခံစားရစေပြီး အရာဝတ္ထုများသဖွယ် ဆက်ဆံခဲ့သည်။ အီရန်အမျိုးသမီးများက ထိုလူသားမဆန်သော ဥပဒေနှင့် လုပ်ဆောင်မှုများကို အစဉ်ဆန့်ကျင်ပြီး မလိုက်နာခဲ့သော်လည်း ဖိအားပေးလိုက်နာခိုင်းသူများကမူ မည်သည့်အခါကမျှ သင်ခန်းစာကို မသင်ယူခဲ့ပေ။ နှစ်စဉ်နှစ်တိုင်း နွေရာသီတွင် အမျိုးသမီးများအပေါ်၌ ပိုမိုပြင်းထန်သော နှိမ်နင်းမှုများကို ကျွန်တော်တို့ တွေ့မြင်နေရသည်။
“အီရန်လူမျိုး လစ်ဘရယ်ကျောင်းသားများနှင့် ဘွဲ့ရများ”က အီရန်အမျိုးသမီးများ၏ ညီညွတ်မှုနှင့် ဝတ်စားဆင်ယင်မှုလွတ်လပ်ခွင့်ကို အလေးထားရန်အတွက် ၄င်းတို့၏ “ဟီဂျပ်မဝတ်မနေရကို ဆန့်ကျင်ခြင်း”ကို ကြေညာပါသည်။ ကျွန်တော်တို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး လှုပ်ရှားမှုတွင် ပါဝင်လိုသူ အဖွဲ့အစည်းတိုင်းနှင့် လူတိုင်းကို နွေးထွေးစွာ ကြိုဆိုပါသည်။

နာနီ စာမာက အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်ရှိ လာလယ် ပန်းခြံမှ လတ်တလောအတွေ့အကြုံကို မျှဝေထား[fa]သည်မှာ

ကျွန်မက အဲဒီမှာ သူငယ်ချင်းတွေနဲ့ ရယ်မောနေကြတာ၊ ပြီးတော့ လေတိုက်တော့ ကျွန်မခေါင်းဆောင်းပဝါက လွင့်ကျသွားတယ်။ ဥပဒေထိန်းသိမ်းရေး အရာရှိက ကျွန်မနားကို ရောက်လာတယ်။ သူတို့တွေရဲ့ အပြုအမူတွေ၊ ခြိမ်းခြောက်တာတွေကို စာဖွဲ့ပြီး ပြောမနေချင်တော့ပါဘူး… ဒါပေမဲ့ ကျွန်မကို ပန်းခြံကနေ သူတို့တွေရံပြီး ထွက်ခွာခိုင်းတဲ့အချိန်မှာ တွေ့ခဲ့တာရှိတယ်။ ဆယ်ကျော်သက်ကောင်လေးတွေကို ကျွန်မတွေ့လိုက်တာ၊ ဆယ့်သုံးလေးနှစ်အရွယ်လေးတွေ၊ ဆေးလိပ်သောက်နေကြပြီး လူတွေကို လိုက်နှောင့်ယှက်နေတာ၊ ဒါပေမဲ့ လုံခြုံရေးတွေက သူတို့တွေကို သတိပေးတားမြစ်တာတွေ ဆူပူတာတွေလုံးဝမရှိဘူး။ ပန်းခြံထဲမှာ ကောင်လေးတွေနဲ့ ကောင်မလေးတွေ အတူတူ ဘောလုံးကစားကြလို့ ကျွန်မတို့ကို ကန်ထုတ်ခဲ့တဲ့ လုံခြုံရေးတွေကပဲပေါ့။ ကြည့်ရတာ သူတို့တွေက ကျွန်မတို့ကို အိမ်အလွတ်တစ်လုံးရှာ၊ ဆေးလိပ်သွားသောက်၊ ပြီးရင် လိင်ဆက်ဆံပြီး ကျွန်မတို့စွမ်းအားတွေကို သုံးပစ်လိုက်စေချင်ပုံပါပဲ။

အီရန် လူငယ်တစ်ဦးဖြစ်သူ ကာမယ်(လ်)က ရေးထားသည်မှာ [fa]

ကျွန်တော်က မူဆလင်တစ်ယောက်၊ အဲဒီတော့ ကျွန်တော်ပြောမယ်၊ ဘာသာရေးသင်ကြားမှုတွေအရ အမျိုးသမီးတွေကို ခေါင်းဆောင်းဆောင်းခိုင်းဖို့ ဘယ်သူကမှ ဖိအားပေးလို့မရဘူး

နာဖီဆက်က ခေါင်းဆောင်းဆောင်းထားသော ၄င်း၏ဓာတ်ပုံကိုတင်၍ “ကျွန်မက ခေါင်းဆောင်းဆောင်းတယ်ဆိုရင်တောင် တခြားလူတွေကို (ဆောင်းဖို့)ဖိအားပေးဖို့ အခွင့်အရေး ကျွန်မမှာ မရှိပါဘူး”ဟု ရေးသားခဲ့[fa]သည်။

အာဖစနယ်က ပြောသည်မှာ

ကျွန်တော်က အီရန်ကို ဟီဂျပ်မဝတ်မနေရ မသတ်မှတ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်စေချင်ပါတယ်။ ဟီဂျပ်ဝတ်တာကို ထောက်ခံတဲ့သူတွေရော ဆန့်ကျင်တဲ့သူတွေပါ သူတို့တွေရဲ့ ဝတ်စားဆင်ယင်ပုံကို ကြိုက်သလို ရွေးခွင့်ရှိသင့်ပါတယ်။ လူတိုင်းက တခြားရှင်သန်နေထိုင်မှုပုံစံတွေကို လက်ခံလေးစားရပါမယ်။ (ဖြစ်နိုင်တာက တချို့)ယောက်ျားတွေက ခေါင်းဆောင်းလှစ်ဟထားတဲ့ အမျိုးသမီးတွေကို မြင်တဲ့အခါ လိင်စိတ်ကြွလာတယ်ဆိုတာက အမျိုးသမီးတွေရဲ့ ပြဿနာမဟုတ်ပါဘူး။ အမျိုးသားကောင်းတွေကတော့ ဒီလိုပြောတာအတွက် နာကျင်တာမျိုး၊ အစော်ကားခံရတယ်လိုခံစားရတာမျိုး မဖြစ်သင့်ပါဘူး။

အမီအာ လိုရာ(စ်)ဘီက သမိုင်းတစ်ခေတ်ဆီက အစ္စလာမ်မစ် တော်လှန်ရေး၏ ကနဦးအချိန်များကို ပြန်ပြောင်းပြောပြ[en]သည်။ အီရန်သတင်းစာ အီတယ်လတ်က ဟီဂျပ်မဝတ်မနေရသတ်မှတ်ခြင်းကို ဆန့်ကျင်သော တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး တော်လှန်ရေးဆက်လက်ဆောင်ရွက်သူတစ်ဦးဖြစ်သည့် အယာတိုလာ မာမွတ် တာလယ်ဂါနီ[en]ပြောသည်များကို ကောက်နုတ်ဖော်ပြခဲ့ခြင်းဖြစ်သည်။ သူက ခေါင်းဆောင်းမပါသော အမျိုးသမီးများကို ဒုက္ခပေးသူများသည် တော်လှန်ရေး၏ ဆန့်ကျင်သူများဖြစ်သည်ဟု ဆိုခဲ့သည်။

လွန်ခဲ့သော (၃၃)နှစ်က ရဲရင့်သော အီရန်အမျိုးသမီးများက ၁၉၇၉ခုနှစ်၊ မတ်လတွင် တီဟီရန်ရှိ ဆန့်ကျင်မှုတွင် ဆန္ဒပြခဲ့ပြီး အာဏာပိုင်ထောက်ခံသူများမှ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရရာမှ ခေါင်းဆောင်းမဆောင်းမနေရဆောင်းခြင်းကို ဆန့်ကျင်ရုန်းကန်မှုသည် စတင်ခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်မှုက အောင်မြင်ပြီး ခေါင်းဆောင်းမဆောင်းမနေရဥပဒေကို ပြဌာန်းခဲ့သည်။ သို့သော်လည်း အမျိုးသမီးများ၏ လွတ်လပ်စွာရွေးချယ်မှုကို ဆန္ဒရှိခြင်းက ဖိနှိပ်မှုကို ကျော်လွန်၍ ပျံ့နှံ့တည်ရှိနေသည်။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.